အမျိုးသားတို့ သွေးဆုံးချိန်
အမျိုးသမီးတွေမှာ သွေးဆုံးချိန်ရှိသလို အမျိုးသားတွေမှာလည်း သွေးဆုံးချိန်လိုကာလမျိုး ရှိတယ်ဆိုတာ သိကြလား? အမျိုးသမီးတွေမှာ Estrogen ဟော်မုန်း ထုတ်လုပ်မှု လျော့နည်းလာပြီး ရာသီမလာတော့တဲ့အချိန်ဟာ သွေးဆုံးချိန်ဖြစ်သလို အမျိုးသားတွေမှာလည်း Testosterone ဟော်မုန်း ထုတ်လုပ်မှု လျော့နည်းလာတဲ့ အချိန်ကို အမျိုးသားသွေးဆုံးချိန် အဖြစ် မှတ်ယူကြပါတယ်။
Testosterone ဟော်မုန်းဟာ အသက် ၃၀ ကျော်ချိန်ကစပြီး တစ်နှစ်ကို ၁% လျော့နည်းလာနိုင်ပြီး အသက် ၄၀ ကျော် ၅၀ တွင်း ရောက်လာတဲ့အခါ Testosterone ဟော်မုန်း ချို့တဲ့တဲ့ လက္ခဏာတွေ ခံစားလာရတာကို အမျိုးသားသွေးဆုံးချိန်လို့ သတ်မှတ်ကြတာပါ။
ဘာလက္ခဏာတွေ ခံစားရသလဲ?
- စိတ်ဓာတ်ကျလာတာ
- လိင်စိတ်ဆန္ဒ လျော့နည်းလာတာ
- လိင်တံထောင်မတ်နိုင်စွမ်း လျော့နည်းပြီး ပန်းသေသလို ဖြစ်တာတွေနဲ့အတူ
- စိတ်အတက်အကျ မြန်တာ
- အာရုံစူးစိုက်နိုင်စွမ်း လျော့နည်းလာတာ၊ မှတ်မိနိုင်စွမ်း လျော့ကျလာတာ
- အိပ်ပျော်ဖို့ခက်တာ
- မောပန်းလွယ်တာ
- အဆီတွေ (အထူးသဖြင့် ဗိုက်မှာ) စုလာတာ
- ရင်သားတွေ စူထွက်လာတာ
- ကြွက်သားတွေ လျော့ရဲလာတာ စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
ဒီလက္ခဏာတွေဟာ
- စိတ်ကျရောဂါရှိသူ၊
- စိတ်ဖိစီးစိတ်ပူပန်မှုများသူတွေမှာ ဖြစ်နိုင်သလို
- အိပ်ရေးဝအောင် မအိပ်သူ၊
- အာဟာရဖြစ်အောင် မစားသူ၊
- လေ့ကျင့်ခန်း ပုံမှန်မလုပ်သူ၊
- ဆေးလိပ်သောက်သူ၊
- အရက်အလွန်အကျွံသောက်သူနဲ့
- ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းသူတွေမှာ ပိုပြီး ဖြစ်နိုင်ပါတယ်။
ဒါကြောင့် အထက်မှာ ဖော်ပြထားတဲ့ လက္ခဏာတွေ ခံစားနေရရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီး အကြောင်းရင်းကို ရှာဖို့လိုပါတယ်။ စိတ်ဖိစီးမှု လျှော့ချတာ၊ တရားထိုင်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ အိပ်ရေးဝအောင်အိပ်ပြီး အာဟာရဖြစ်အောင် စားသောက်တာ၊ ဆေးလိပ်နဲ့ အရက်ရှောင်တာတွေက ရောဂါလက္ခဏာတွေကို သက်သာစေနိုင်သလို ရောဂါလက္ခဏာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
မသက်သာရင် ဟော်မုန်းအထူးကုဆရာဝန်နဲ့ တိုင်ပင်ပြီး Testosterone ဟော်မုန်းပမာဏကို စစ်ဆေးကာ ဟော်မုန်းချို့တဲ့နေရင် ဟော်မုန်းအစားထိုးကုသမှု ခံယူဖို့ လိုကောင်းလိုနိုင်ပါတယ်။
အမျိုးသားတို့အနေနဲ့ အသက် ၃၀ ကျော်လာတာနဲ့ ဟော်မုန်းအပြောင်းအလဲကြောင့် ခံစားရတဲ့ သွေးဆုံးချိန်လက္ခဏာတွေကို သတိထားခြင်းဖြင့် ကာကွယ်နိုင်ကြပါစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်